ပန်းချီ ကောင်းကျော်ခိုင်ရဲ့ ရခိုင်ရိုးရာ မင်္ဂလာစည်တော်များ (နိုင်စွမ်း - ဧရာဝတီ)

April 24, 2015



ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်မှာရှိတဲ့ Studio Square အနုပညာ ပြခန်းထဲကို ဝင်ရောက်လိုက်တာနဲ့ `ဗိန်း.. ဆောင်.. ဗိန်း… ဆောင်.. ဗိန်း´ ဆိုတဲ့ ရခိုင် မင်္ဂလာစည်တော်သံကို ကြားယောင် လာသလို ရခိုင်စည်တော်ကို ရခိုင် လူငယ် လေးတွေ ရယ်မောပျော်ရွှင်စွာ တီးခတ်နေပုံ ပန်းချီကားတွေကလည်း အပျော်တွေ ကူးစက်လာသလို ခံစားရပါတယ်။

ရခိုင် လှပျိုဖြူတွေကလည်း ကြည်နူးစိတ်နဲ့ အပြုံးတွေဝေလို့ ပေါ့။ ပြပွဲကို ကြည့်ရှုခံစားရင်း လတ်တလော ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ လူမျိုးနွယ်စုဝင် အရေးနဲ့ ဘာသာရေး အကြပ်အတည်းတွေကို မေ့လျော့သွားပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှု မင်္ဂလာ စည်တော်သံမှာ ပျော်ဝင်သွားရပါတယ်။

ပန်းချီ ကောင်းကျော်ခိုင် (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)
၂၀၁၅ ခုနှစ်၊ ဧပြီ ၄ ကနေ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်တဲ့ ပန်းချီ ကောင်းကျော်ခိုင်ရဲ့ Still Motion တကိုယ်တော် ပန်းချီပြပွဲမှာ ပန်းချီကား ၁၆ ကား ပြသထားပါတယ်။ ပန်းချီကားတွေရဲ့ အချိုးအစားက မြင်တွေ့နေကျ မဟုတ်တဲ့ ၂ ပေခွဲ ၅ ပေ အရွယ်အစား အများစု ဖြစ်တာကြောင့် ပိုမို စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

`ကျနော်က ကျနော်တို့ရဲ့ အတိတ်အစဉ်အလာနဲ့ လက်ရှိ ဖြစ်တည်နေမှုကို ယှဉ်တွဲပြတာပါ။ ပန်းချီကားတွေရဲ့ နောက်ခံ Background မှာ ဝေသာလီခေတ်သုံး ကျောက်စာ အက္ခရာတွေ၊ ဒင်္ဂါးပုံတွေ ထည့်သွင်းရေးဆွဲပါတယ်။ ဒါက အတိတ်ပေါ့။ Foreground က လူငယ်တွေကတော့ ယနေ့ခေတ်ကို ထင်ဟပ်ပြတာပါ။ အရောင်ကို အဖြူ အမည်းကို ဦးစားပေး ရွေးချယ် ဖန်တီးပါတယ်။ တချို့ ကားတွေကတော့ အပြာရောင်ပေါ့။ ကျနော် ပေးချင်တဲ့ Message ကို ကြည့်သူတွေ ပိုမိုရနိုင်မယ် လို့လည်း ထင်လို့ပါ´ လို့ အသက် ၃၃ နှစ် အရွယ် ပန်းချီ ကောင်းကျော်ခိုင်က ပြောပါ တယ်။

`နေ၊ လ သီရီဝစ္ဆ တံဆိပ်´ ကို ရခိုင်စည်တော်ရဲ့ မျက်နှာပြင်ပေါ်မှာ ရေးဆွဲထားသလို `ရခိုင် မင်္ဂလာစည်တော် အဖွဲ့´ ဆိုတဲ့ ရခိုင်စာလုံးတွေလည်း တွေ့ရပါတယ်။ စည်တော်ကို လွယ်ထားရင်း အပြုံးတွေ အပျော်တွေနဲ့ တီးခတ်နေတဲ့ ရခိုင်လူငယ် လေးတွေဟာ ညာဘက်က မန်ကျည်းသားနဲ့ ပြုလုပ်ထားတဲ့ ရိုက်တံကို ကိုင်ထားပြီး ဘယ်ဘက်က စည်တော်ကို လက်နဲ့ပဲ တီးခတ်ကြတယ်လို့ သိရပါတယ်။ ရိုက်တံက `ဗိန်း´ ဆိုတဲ့ အသံ၊ လက်နဲ့တီးတဲ့ အသံက `ဆောင်´ လို့ အသံယူတယ် လို့ သူက ဆိုပါတယ်။

ပန်းချီ ကောင်းကျော်ခိုင်၏ ပန်းချီကားများ (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)
ကောင်းကျော်ခိုင်ကို မိဘများဖြစ်တဲ့ ဦးကျော်ဇံမောင် ဒေါ်လှကျော့ခိုင်တို့က ၁၉၈၂ ခုနှစ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွေးဖွားပါတယ်။ ဖခင်ဖြစ်သူက ကျောင်းတွင်း ပန်းချီဆရာဟောင်း တဦး ဖြစ်ပြီး မိခင်က ကျောင်းဆရာမ တဦးလို့ သိရပါတယ်။

ကောင်းကျော်ခိုင် အထက်တန်း အောင်မြင်ပြီးနောက် ၂၀၀၃ ခုနှစ်မှာ ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက် ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကျောင်းဆင်းခဲ့ပါတယ်။ အဲဒီကနောက် သူဟာ ပန်းချီရေးဆွဲခြင်းကို တစိုက်မတ်မတ် လုပ်ကိုင် ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး တကိုယ်တော်ပြပွဲဖြစ်တဲ့ Melodious Plane ပန်းချီပြပွဲကိုလည်း Studio Square မှာပဲ တင်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အရောင်အသွေး စုံစုံနဲ့ ရေးဆွဲထားတဲ့ ရခိုင် မင်္ဂလာစည်တော် စီးရီးပါပဲ။ ဘာကြောင့် စည်တော်ပန်းချီကားတွေ အဆက်မပြတ် ရေးဆွဲနေပါလိမ့်။

`ကျနော်တို့ ရခိုင်လူမျိုး၊ ရခိုင်ရိုးရာနဲ့ စည်တော်ဟာ ခွဲခြားမရပါဘူး။ ပွဲလမ်းသဘင် အခမ်းအနားစုံမှာ နောက်ဆုံး ကျင်ကိုင် အားကစား အထိ စည်တော်ပါဝင်ပါတယ်။ စည်တော်ဟာ ရခိုင်ယဉ်ကျေးမှု စတင်ကတည်းက တွဲလျက် ပါလာတာမို့ ရခိုင်တို့ရဲ့ အသည်းနှလုံးလို့လည်း ပြောနိုင်ပါတယ်။ ကျနော် ငယ်စဉ်ကတည်းက စည်တော်နဲ့ နီးကပ် ထိစပ်နေခဲ့သလို အဖေကလည်း ပန်းချီဆရာ၊ ရိုးရာဂီတနဲ့ အက ပညာရှင် ဆိုတော့ အနုပညာနဲ့ ကြီးပြင်းလာရပါတယ်။ ဒါကြောင့် ကျနော့် စိတ်မှာ စွဲလမ်းစိတ် ဖြစ်မိတယ် ထင်ပါတယ်။ ဒါနဲ့ အခုလို ရေးဆွဲဖြစ်တာပါ´ လို့ ပန်းချီ ကောင်းကျော်ခိုင်က ပြောပြတယ်။

ပန်းချီ ကောင်းကျော်ခိုင်၏ ပန်းချီကားများ (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)
အခုလို ပန်းချီကားတွေ ရေးဆွဲဖို့ ပထမဆုံး အကြောင်းအရာ Theme ကို ရွေးချယ်တယ်၊ နောက် စကက်ချ်တွေ ထုတ်တယ်၊ ဘာတွေ ထည့်သွင်း ရေးဆွဲမယ်၊ နောက် အရောင်ဘယ်လို သုံးမလဲ ဆိုတာကို စဉ်းစားတယ်၊ အဲဒီလို ပြင်ဆင်ပြီးမှ ပန်းချီကားကို စတင်ရေးတယ်၊ ဒါပေမယ့် နဂိုစိတ်ကူးနဲ့ မတူတော့ဘဲ အဲဒီအချိန်မှာ ဖြစ်လာတဲ့ စိတ်အပေါ် မူတည်ပြီး ပြောင်းလဲသွားတာ တချို့လည်း ရှိတယ် လို့ ပန်းချီကောင်းကျော်ခိုင်က ထပ်ပြီး ရှင်းပြပါတယ်။

သူဟာ ရခိုင်မင်္ဂလာစည်တော် တီးခတ်ရာမှာ နည်းစနစ် ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒါဟာ ဖခင်ဆီက အနုပညာ လက်ဆင့်ကမ်း ရခဲ့တာပါပဲ။ ရန်ကုန်မှာ ရှိတဲ့ ရခိုင်လူမျိုးစု လူငယ်တွေကိုလည်း စည်တီးခတ်ပုံကို ပြန်လည် သင်ကြားပေးနေသူပါ။ ယခင်က ရန်ကုန်မှာ ရခိုင်စည်တော် အဖွဲ့ ၁ ဖွဲ့ ၂ ဖွဲ့ လောက်ပဲ ရှိခဲ့ပေမယ့် အခု အခါမှာတော့ စည်တော်အဖွဲ့ ၇ ဖွဲ့လောက် ရှိလာပြီလို့လည်း သူက ပြောပြပါတယ်။

ပန်းချီ ကောင်းကျော်ခိုင်၏ ပန်းချီကားများ (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)
`ရက္ခိတ´ ဆိုတဲ့ စကားက လာတဲ့ အမျိုးကို စောင့်ရှောက်သော၊ အစဉ်အလာကို စောင့်ထိန်းသော ရခိုင်လူမျိုးတို့ဟာ မြန်မာ့ စာပေ ဂီတ ပန်းချီ ပန်းပု အပါအဝင် နိုင်ငံရေးနယ်ပယ်တွေမှာလည်း ထူးချွန်ထင်ရှားတဲ့ ပညာရှင်များစွာ သမိုင်းတလျှောက်မှာ ပေါ်ထွက် ဂုဏ်ဆောင်နိုင်ကြတာ တွေ့ရပါတယ်။ ထင်ရှားတဲ့ ခေါင်းဆောင်တွေက ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာသီဟ၊ ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပြီး မြန်မာတနိုင်ငံလုံး အတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမဟာ နံပါတ် ၁ ပါပဲ။

`နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော် ထဲထဲဝင်ဝင် နားမလည်ပေမယ့် နိုင်ငံရေးဆိုတာ ကျနော်တို့ အားလုံးနဲ့ သက်ဆိုင်တယ် လို့တော့ နားလည် ခံယူထားပါတယ်။ အခုပြသထားတဲ့ ပန်းချီကားတွေကလည်း နိုင်ငံရေး ဆိုင်ရာတွေ ဘာတွေ ဆိုတာထက် ကျနော်က ကြည့်ရှုတဲ့သူကို အပျော်တွေပေးချင်တယ်၊ ကြည်နူးစရာတွေ ပေးချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြသတာပါ´ လို့ အရပ်မနိမ့်မမြင့် အသားညိုညို ပန်းချီကောင်းကျော်ခိုင်က ပြောပြပါတယ်။

သူ အရင်ပြသခဲ့တဲ့ Melodious Plane ပန်းချီကားတွေမှာတော့ စူးရဲပြူးပြဲတဲ့ အရောင်တွေသုံးပြီး ပန်းချီကားကို လှပအောင် ဖန်တီးတင်ပြခဲ့တာ တွေ့ရပေမယ့် အခုတင်ဆက်တဲ့ ပြပွဲမှာတော့ Concept အခြေပြု ရေးဆွဲတင်ပြတာ တွေ့ရပါတယ်။ အရင်ပြပွဲက အလှအပကို အရောင်တွေနဲ့ တင်ဆက်တယ်၊ အခုပွဲမှာတော့ အလှအပထက် သူပေးချင် တဲ့ Message ပါဝင်အောင် တင်ပြနိုင်တာဟာ သူ့ရဲ့ အတွေးအခေါ် စိတ်ကူးနဲ့ ဖန်တီးမှု အခြေခံကောင်းကို မြင်သာ ထင်သာ ရှိစေတယ်လို့ သုံးသပ်ရပါတယ်။
ပန်းချီ ကောင်းကျော်ခိုင်၏ ပန်းချီကားများ (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)

ဘယ်လို စာပေတွေ ဖတ်ရှုလဲ၊ ဘယ်ပန်းချီဆရာတွေကို နှစ်သက်သလဲ လို့ သူ့ကို မေးမြန်းဖြစ်ပါသေးတယ်။ သူက -`ကျနော်က ကဗျာကို စွဲလမ်းသူပါ။ ကဗျာတွေကို အများဆုံး ဖတ်ဖြစ်တယ်။ ကိုယ်တိုင်တော့ မရေးဖြစ်ဘူး။ ဒါပေမယ့် တိုတိုထွာထွာလေးတွေတော့ ရေးတာတွေတော့ ရှိပါတယ်။ ပြည်တွင်းရော နိုင်ငံတကာရော ကြိုက်နှစ်သက်တဲ့ ပန်းချီ ဆရာ ရှိလား ဆိုတော့ .. ကျနော်က အလုံးစုံ မကြိုက်ပြန်ဘူး။ တချို့ပန်းချီဆရာကြီးတွေရဲ့ တချို့ ပန်းချီကားတွေကို ကြိုက်တယ်၊ ဒါပေမယ့် အားလုံးတော့ မဟုတ်ဘူး´ လို့ ပြောပါတယ်။

နိုင်စွမ်း
ဧရာဝတီ (၂၃ ဧပြီ၊ ၂၀၁၅)


ဧရာဝတီ Website တွင် ၂၀၁၅ ဧပြီ ၂၃ ရက်က ဖော်ပြထားသည့်ဆောင်းပါးကို ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

You Might Also Like

0 comments