ကောင်းကျော်ခိုင် (မောင်ကိုကို - အမရပူရ)

October 07, 2019


ကောင်းကျော်ခိုင်
ကောင်းကျော်ခိုင်သည် Realism ကနေ Contemporary  ကို မည်သို့ ကူးပြောင်းသွားသလဲ။
ပြောင်းသွားသူမှန်သမျှကတော့ Realism ကို ငြီးငွေ့လွန်၍ ပြောင်းသွားကြသည်။

ကောင်းကျော်ခိုင်ကို စစ်တွေမှာမွေးသည်။ အဖေက ကျောင်းဆရာ။ အမေက ကျောင်းဆရာမ။ အဖေက ကျောင်းမှာ ပန်းချီဘာသာရပ်ကိုလည်း သင်ကြားရသေး၏။

၁၉၈၈ နောက်ပိုင်းမှာ သူ့အဖေသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်နှစ်နှစ်ကျသွား၏။ သူကိုးတန်းရောက်တော့လည်း သူ့အဖေက ထောင်သုံးနှစ်ကျသွားပြန်၏။ နိုင်ငံရေး။


သူ့အဖေ ကျောင်းဆရာသည် ပထမအကြိမ် ထောင်ကလွတ်စဉ်ကတည်းက မြို့ထဲမှာ ကော်မာရှယ်ပန်းချီလုပ်ငန်းကို လုပ်နေပြီ။
သူ့အဖေသည် ရခိုင်ရိုးရာ မင်္ဂလာစည်တော်တီးသော ဆရာလည်းဖြစ်သည်။ သူသည် အဖေ့ထံမှ ပန်းချီနှင့် မင်္ဂလာစည်တော်တီးခြင်းကို သင်ယူခဲ့၏။

“အဖေ ကျွန်တော် ရန်ကုန် ပန်းချီကျောင်းတက်ချင်တယ်”
“မင်းတက်ချင်တော့ တက်လို့ရတယ်။ ဒါပေမယ့် ဆယ်တန်းအောင်အောင်တော့ လုပ်ကွာ။ မင်းကို ဆယ်တန်းတော့ အောင်စေချင်တယ်”

သူ့အဖေ ဒုတိယအကြိမ် ထောင်ထဲဝင်ရတော့ သူက အဖေ၏ ကော်မာရှယ်ပန်းချီလုပ်ငန်းကို ဦးစီးလုပ်ကိုင်ရ၏။ ဆိုင်းဘုတ်၊ ပိုစတာ၊ အစုံရေးသည်။ ကျောင်းပညာကို အပြင်က လိုက်သည်။
၂၀၀၃ မှာ သူ ဆယ်တန်းအောင်သည်။ သူ့အသက် ၂၀ ကျော် လွန်သွားခဲ့ပြီ။ သူ့မြို့က သူ့အဖေ၏ မိတ်ဆွေက ဆရာဦးလွန်းကြွယ်ထံ စာတစ်စောင်ပါးလိုက်၏။ ဒီကောင်လေးက အသက်တော့ လွန်နေပြီ။ ပန်းချီကိုတော့ တကယ်ဝါသနာပါတယ်။
ကောင်းကျော်ခိုင်သည် ရန်ကုန်ပန်းချီကျောင်းသို့ တက်ခွင့်ရ၏။ ဆရာလေး ကိုဝင်းတင့်နှင့် ခင်မင်ရင်းနှီးသွားရ၏။ ပန်းချီကျောင်းပြီးသောအခါ ကောင်းကျော်ခိုင်သည် အိမ်သို့ မပြန်တော့ပါ။ မြောက်ဒဂုံမှာ သူငယ်ချင်းနှင့် အတူ အိမ်ကလေးတစ်လုံးငှားနေကြ၏။
ဆရာ ကိုဝင်းတင့်ထံသို့တော့ မကြာမကြာသွားသည်။ ကောင်းကျော်ခိုင်သည် သုံးနှစ်လောက်တော့ အိမ်က အထောက်အပံ့နှင့် ရန်ကုန်မှာနေထိုင်၏။

၂၀၀၇ ။

သူသည် ဟိုလူက Portrait အပ်လည်း ရေးသည်။ ရှုခင်းပုံအပ်လည်း ရေးသည်။ ဗိုလ်ချုပ်စျေးသို့ ပန်းချီကား သွားသွင်းရတာလည်း ရှိသည်။

“ကိုယ်ဘာဖြစ်ချင်တာလဲ
ကိုယ် ဖြစ်ချင်တာဘာလဲ
ကိုယ့်ဟာကိုယ် ဆန်းစစ်ပါ”
ဆရာ ကိုဝင်းတင့်တို့နှင့်အတူ ဝိုင်းထိုင်စဉ် ပန်းချီဆရာတစ်ဦး၏ ပြောစကားသည် သူ့ကို ထိတ်လန့်စေ၏။
ငါရေးချင်တာက ဘာလဲ၊ ငါဟာ ဟိုဟာရေးလိုက် ဒီဟာရေးလိုက် ဟိုရောင်းလိုက် ဒီရောင်းလိုက်နဲ့ ဘယ်လောက် မျောနေရမှာလဲ။
သူစဉ်းစားဆင်ခြင်ကြည့်မိ၏။
သူသည် ရွှေတိဂုံဝန်းကျင်မှာ ရခိုင်အမျိုးသားများကို ရခိုင်မင်္ဂလာ စည်တော်တီးခြင်းကို သင်ကြားပေးရသော အလုပ်ကိုလည်း အပတ်စဉ် ကုသိုလ်ဖြစ်လုပ်၏။
ရခိုင်မင်္ဂလာစည်တော်တီးရခြင်း၏ အရသာကို သူကြိုက်သည်။
သူ့ပန်းချီနှင့် သူ့စည်တော်ကို ဆက်သွယ်ပေးချင်မိ၏။

“ငါ ရခိုင်မင်္ဂလာ စည်တော်တီးတဲ့ ပုံတွေအများကြီး ရေးချင်တယ်ကွာ။ ကင်းဗတ်ဖိုး၊ ဆေးဖိုး ငါ့မှာမရှိဘူး”
“မင်း အဲ့ဒီအတွက် မပူနဲ့။ ငါတို့ ငွေကြေးကူညီမယ်”
သူ့သူငယ်ချင်းသုံးယောက်က ပန်းချီနှင့် လုံးဝမပတ်သက်။ သို့သော် သူပန်းချီကားများကို ဖန်တီးနိုင်အောင် ကူညီခဲ့ကြ၏။


သူသည် Realism တို့အားပြုထားသော ရခိုင်မင်္ဂလာစည်တော် ပန်းချီကားကြီးတွေ အချပ်နှစ်ဆယ်ဝန်းကျင် ရေးဖြစ်သွား၏။
သူသည် ပုလဲကွန်ဒိုက စတူဒီယို စကွဲယားဂယ်လာရီသို့ ရောက်တတ်၏။ မင်းဇော်၊ ငြိမ်းချမ်းဆု၊ ဘခိုင်။ သူနှင့် ခင်မင်နေ၏။
မင်းဇော်၏ ပန်းချီပြပွဲသို့ သူရောက်သွား၏။
“ကောင်းကျော်ခိုင် မင်းအခု ဘာတွေလုပ်နေလဲ”
ငြိမ်းချမ်းဆုက မေးသည်။
“ကျွန်တော် ရခိုင်မင်္ဂလာစည်တော် ပန်းချီကားတွေ ရေးထားတယ်။ အစ်ကို”
သူက ဓာတ်ပုံထုတ်ပြ၏။
“မင်း ဖန်တီးထားတာ ကောင်းတယ်။ ငါတို့ဆီမှာ ပြပွဲလုပ်ပေးမယ်။ မင်းပိုက်ဆံကုန်စရာ မလိုဘူး။ ပန်းချီကားတွေသာ ယူလာခဲ့”
မင်းဇော်၊ ငြိမ်းချမ်းဆု၊ ဘခိုင်တို့က ကောင်းကျော်ခိုင်ကို အစအဆုံးကူညီကြ၏။ ပြပွဲဖြစ်သွားသည်။ ရောင်းတော့ မရောင်းရ။


နောက်တစ်ကြိမ် ပြပွဲထပ်လုပ်သည်။ မင်းဇော်တို့ ငြိမ်းချမ်းဆုတို့ ဂယ်လာရီမှာပင်။
ရခိုင်မင်္ဂလာ စည်တော်များပင်ဖြစ်၏။ အနောက်က ရခိုင်ရိုးရာ သင်္ကေတများ ပါဝင်လာ၏။
ထိုပြပွဲမှာ ငါးကားရောင်းရသည်။ ထိုပြပွဲကြောင့် အပ်ထည် အနည်းငယ်လည်း သူရလိုက်၏။
သူ့ပြပွဲတွင် မင်္ဂလာစည်တော်သံများ မြိုင်ဆိုင်စွာ ကြားနေရ၏။

ထိုနောက်ပိုင်းတွင် သူသည် ပုဂံ နံရံဆေးရေးပန်းချီများပုံ၊ ရခိုင်မြောက်ဦး ဘုရားက ကျောက်ဆစ်ရုပ်များပုံ။ တော်တော်များများ ရေးလိုက်၏။ ရောင်းရ၏။ ပြပွဲလုပ်ရန်အထိ သူအာရုံမရပါ။

သူသည် Realism  ဆန်သော ပန်းချီကားများကို ရေးရင်းရေးရင်း ငြီးငွေ့လာ၏။

သူသည် လက်ဖက်ရည်ဆိုင်သို့ သွားသွားထိုင်၏။
Realism ကို သွေဖည်ချင်နေသည်။ တစ်လျှောက်လုံး တူအောင် ရေးဆွဲလာသော ပန်းချီ။ ပျင်းရိငြီးငွေ့လာ၏။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စဉ်းစား၏။


ဟိုတုန်းက ကက်ဆက်ခွေလေးယူယူသွားပြီး ဆိုင်ရှင်ကို ဖွင့်ခိုင်းခဲ့ဖူးသော လက်ဖက်ရည် ဆိုင်များ။ သူသတိရ သည်။
သို့နှင့် သူသည် လက်ဖက်ရည်ဆိုင်စီးရီးကို ရေး၏။ နဝဒေးသာလာမှာ Tea Shop ပြပွဲလုပ်တော့ ဂယ်လာရီသည် လက်ဖက်ရည်ဆိုင်ဖြစ်အောင် ခင်းကျင်းပြသခဲ့၏။


လက်ဖက်ရည်ဆိုင် စီးရီးကို သူသည် Realism  မဟုတ်တော့ပဲ လွတ်လပ်စွာ ရေး၏။ အရောင် ဖွဲ့စည်းမှု။ သင်ရိုးမှန်သမျှနှင့် ကင်းလွတ်ခဲ့၏။ ပန်းချီကို လွတ်လွတ်လပ်လပ်ရေးရသည့် အရသာကို သူ့တွေ့ခဲ့ပြီ။
သူသည် လက်ဖက်ရည်ဆိုင်မှာ သူ့အနုပညာ ပြောင်းခဲ့ပြီဖြစ်ကြောင်း ခံစားရ၏။


နောက်ထပ် စီးရီးကို သူစဉ်းစားသည်။
ဘတ်စ်ကားမှတ်တိုင်မှာ သူရပ်နေ၏။ အတွေးများက အတိတ်နှင့် အနာဂတ်။ မည်သို့ပင်ဖြစ်စေ သူသည် ဘတ်စ်ကားကို စောင့်နေ၏။
လူသည် ငယ်ရွယ်သူဖြစ်စေ၊ ကြီးရင့်သူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ တစ်ခုခုကို စောင့်နေတတ်တာပဲ မဟုတ်လား။ သူသည် Waiting ကို ရေးဖြစ်၏။ စောင့်နေသူများနေရာမှ သူသည် ဝင်စားကြည့်ပြီး ရေး၏။

ပန်းချီကား ရေးပြီးသော် သူကြည့်၏။ သူ့ Mood သည် လွဲနေသလား။ ထိုပန်းချီကားကို လိပ်လိုက်၏။ တိတ်နှင့် ပတ်လိုက်၏။ ပြန်ဖွင့်မကြည့်တော့ပါ။ ရေးပြီးမှ ဖျက်ခဲ့သော ပန်းချီကားများ။


ပန်းချီကား ၉ ကားကို စိတ်ကြိုက် ရေး၍ရလာ၏။
သူ့ကိုယ်သူ ယုံကြည်လာ၏။
သူသည် ပန်းချီကားထဲက လူတစ်ယောက်။ သူသည် ပန်းချီကားထဲက လူများ။ စောင့်ဆိုင်းရခြင်းများ။ စိတ်ကြိုက် မတွေ့ပါက ဖျက်ဆီး။

သို့နှင့်  ပြပွဲတစ်ပွဲစာ ပန်းချီကားများကို သူရခဲ့၏။ Tea Shop ထက် ပို၍ လွတ်လပ်စွာ ရေးနိုင်ခဲ့၏။

စောင့်ရခြင်းများ ပန်းချီကားထဲမှာ သူပါဝင်နေသည်။ သင်လည်း ပါဝင်နေသည်။ ကျွန်တော်လည်း ပါဝင်နေသည်။ စောင့်သူ။

မောင်ကိုကို (အမရပူရ)

၂၀၁၉ စက်တင်ဘာလထုတ် စျေးကွက်ဂျာနယ် အမှတ် (၁၁၂၆) တွင် ပါဝင်သည့် ဆောင်းပါးကို ကူးယူဖော်ပြပါသည်။

You Might Also Like

0 comments